KIA ရဲ့ ညွှန်ကြားချက်အရ TNLA မှ RCSS/SSA အား တိုက်ခိုက်

KIA ရဲ့ ညွှန်ကြားချက်အရ TNLA မှ RCSS/SSA အား တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ မြို့နယ်တွင် RCSS/SSA အဖွဲ့ကို TNLA အဖွဲ့က တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွား လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိပါသည်။

“ TNLA ဟာ KIA ရဲ့ ညွှန်ကြားချက်အရ လက်ရှိလိုက်လျောနေရတာပါ၊ RCSS/SSA ကို ခြုံခိုတိုက်ခိုက်တာ လည်း KIA ခိုင်းလို့ လုပ်ရတဲ့သဘောပါ၊ NCA မှာ လက်မှတ်မထိုးတဲ့ TNLA ဟာ KIA မထိုးလို့ လိုက်မထိုးတာ လို့ သိရတယ်။ အခု RCSS/SSA ကို ရန်သွားစလို့ တိုက်ပွဲတွေ ပြင်းထန်နေပြန်ပြီ၊ ဒေသခံတွေလည်း TNLA ကြောင့် တိုက်ပွဲတွေနဲ့ လွတ်ကင်းရာကို တိမ်းရှောင်နေကြရပါတယ် ”ဟု ဒုက္ခသည်များအရေး ကူညီဆောင်ရွက် ပေးနေသော NGO တစ်ဦးက ပြောပါသည်။

TNLA သည် ယခုမှ ပေါ်လာသော တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ပြီး KIA ၏ ထိန်းချုပ်မှုဖြင့် လှုပ်ရှားနေရ သောအဖွဲ့ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA နှင့်ပူးပေါင်းကာ လှုပ်ရှားနေပြီး ကိုယ်ပိုင်နယ်မြေ မရှိဘဲ RCSS/SSA အား နယ်ကျွံသည်ဟု စွပ်စွဲကာ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ အမှန်တကယ်တွင် တိုက်ပွဲဖြစ်ပွားရာ မန်တုံနှင့် နမ့်ခမ်းမြို့နယ်တို့သည် TNLA ၏ နယ်မြေမဟုတ်ကြောင်း ဒေသခံရှမ်းတိုင်းရင်း သားများရဲ့ ပြောပြချက်အရ သိရပါသည်။

“ TNLA က သူ့နယ်မြေမဟုတ်ဘဲ RCSS/SSA ကို နယ်မြေကျော်လွန်လာတယ်ဆိုပြီး စွပ်စွဲတာ။ တကယ်တော့ TNLA ဟာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့ငယ်လေးပါ။ KIA လက်အောက်မှာ ကျွေးတာယူ၊ ပေးတာစားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေပြုလှုပ်ရှားလာပြီး သူတို့နယ်မြေလို့ သူတို့ဘာသာ သတ်မှတ် ထားတာပါ။ ဒါဟာ ရှမ်းပြည်နယ်ပါ။ သူ့နယ်မြေကိုယ့်နယ်မြေလို့ အစိုးရက တရားဝင်မသတ်မှတ်ဘဲ နယ်မြေ လုရင်း ဒီလိုသာတိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ရှမ်းပြည်နယ်မှာ နောင်အခါ နယ်မြေလုတိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်မိပါတယ် ”ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါသည်။

ယခုကဲ့သို့ TNLA နှင့် RCSS/SSA တို့ နယ်မြေလုတိုက်ပွဲများ ဖြစ်ပွားလာခြင်းသည် တိုင်းရင်းသားလက်နက် ကိုင်များ၏ နယ်မြေချဲ့ထွင်မှု၊ လူမျိုးရေးစိတ်ဓာတ်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖက်ဒရယ် ကြေညာချက်တွေကြောင့် မြန်မာပြည်တွင် စိုးရိမ်ရသည့်အခြေအနေကို ရောက်ရှိနေခြင်းဖြစ်ပါသည်။ အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် ယခုနှစ်အစောပိုင်းက RCSS/SSA နှင့် PNLO အဖွဲ့တို့ နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့တိုင် ညှိနှိုင်းဖြေရှင်းမရသေးကြောင်း သိရှိရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များ၏ နယ်မြေအငြင်းပွားမှု၊ နယ်မြေချဲ့ထွင်မှုများ ကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများပြင်းထန်လာမည်ကို ဒေသခံပြည်သူများမှ အထူးပင်စိုးရိမ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

#စိုင်းအောင်ခမ်း

Leave a Reply

Your email address will not be published. Required fields are marked *