မင်းကင်းမြို့နယ်ထဲက စက်ဘီးဆိုင်ကယ်မရှိတဲ့ရွာ စာမတတ်ကြတဲ့ရွာ ဆေးကုစရာမရှိတဲ့ရွာ လောကကြီးနဲ့အဆက်သွယ်ပြတ်နေသောရွာ

စက်ဘီးဆိုင်ကယ်မရှိတဲ့ရွာ စာမတတ်ကြတဲ့ရွာ ဆေးကုစရာမရှိတဲ့ရွာ
လောကကြီးနဲ့အဆက်သွယ်ပြတ်နေသောရွာ

ခက်ခဲကြမ်းတမ်းသော လမ်းအဆုံးက ဇနဖုဒ်ရွာ
——————————————-

ရွာနာမည်က ”ဇနဖုဒ်”

”ပါးစပ်ပါရွာရောက်”ဆိုသည့် ဆိုရိုးစကားက ဇနဖုဒ်ရွာ အတွက်တော့ မှန်ကန်ခြင်းမရှိနိုင်ပါ။ တစ်ခါမှမရောက်ဖူးသူများ အတွက် ထိုရွာလေးကိုရောက်ရှိဖို့ရန် ခဲယဉ်းပါလိမ့်မည်။ ဆိုင်ကယ်လမ်းမရှိ ကားလမ်းမရှိ မည်သည့်ယာဉ်မှ အသုံးပြု၍ သွားမရ။ လမ်းလျှောက် သွားမှသာ ရွာကိုရောက်ပါလိမ့်မည်။

ဇနဖုဒ်ကျေးရွာသည် မင်းကင်းမြို့နယ်ထဲတွင်တည်ရှိသည်။ မင်းကင်းမြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးပြီး မင်းကင်းမြို့နယ်ထဲက ပျားဇနဖုဒ်ဟုမေးလိုက်လျှင် လူတိုင်းလိုလိုသိကြသည်။ ထိုရွာကနာမည်ကြီးသည်။ ထင်ရှားသည်။ ပျားဇနဖုဒ်က နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ထွက်ရှိသောကြောင့် နာမည်ကြီးခြင်းမဟုတ်။ စာပေပညာရှင်များ ထွက်သောကြောင့် လည်းမဟုတ်။ ပျားဇနဖုဒ်ရွာက လမ်းပန်း ဆက်သွယ်ရေးက အောချလောက် အောင် ခက်ခဲကြမ်းတမ်းသော ကြောင့်ဖြစ်သည်။

မင်းကင်းမြို့မှ သွားမည်ဆိုလျှင် တစ်နေကုန်နီးပါး သွားရောက်ရမည်ဖြစ်သည်။ မင်းကင်းမှ တောင်တွင်း ချောင်ဒေသ(ရွာပေါင်း ၃၆ ရွာရှိသောဒေသကို ခေါ်ဆိုခြင်း)သို့ နတ်ရှင်တောင်ကျော်ကာ သွားရောက်ရသည်။
မင်းကင်းမြို့နယ်မှ တောင်တွင်း ချောင်ဒေသ ၀င်ဝကျေးရွာသို့ လေးနာရီနီးပါး ဆိုင်ကယ်စီးရသည်။ ၀င်ဝကျေးရွာသို့ ရောက်လျှင် စီးလာသောဆိုင်ကယ်ကို ထားခဲ့ရသည်။

ဝင်ဝကျေးရွာသို့ရောက်လျှင် ပျားဇနဖုဒ်ရွာသွားရာ ခက်ခဲကြမ်းတမ်းသော ကန္တာရခရီးလမ်းစတင်ခြင်းဖြစ်သည်။ လူသွားလမ်းပင်မယ်မယ်ရရမတွေ့ရ။ ကျောက်ဆောင်ကျောက်သားများပေါ်မှ တစ်ခုပေါ်တစ်ခု ခုန်ပျံကျော်လွှားကာ သွားရသည်။ခြေလှမ်းမှား၍မရ ချော်ကျပါက ခြေကျိုးနိုင်သသည်။ ခေါင်းကွဲနိုင်သည်။ အသက်ပါဆုံးရှုံးနိုင်သည်။ထိုကျောက်တုံးများ ပေါ်မှ သွားလာခြင်းက တချက်တချက် အသက်ပင်မနည်း ၀အောင်ရှုရသည်။

ခုန်ကျော်၍မရသောနေရာများလည်းရှိသည်။ ထိုနေရာမျိုးဆိုလျှင် ကျောက်တုံးကြီးများကိုဆွဲ ကုတ်တက်၍သွားရသည်။ ကျောက်တုံး နှစ်တုံးပေါ်တွင် တံတားသဖွယ် သစ်လုံးတစ်လုံးသာ ချထားသောနေရာများလဲရှိသည်။ ထိုသစ်လုံးပေါ်မှ လမ်းလျှောက် ရသည်။ ကိုင်စရာမရှိ။

မတ်စောက်လျက်ရှိသော ကျောက်တုံးများပေါ်မှ လမ်းလျှောက် လျှင်လမ်းပြက သတိပေးသည်။

”သစ်ရွက်တွေပေါ်မနင်းနဲ့ သတိထား၊ ချော်ကျလိမ့်မယ်”ဟု လမ်းပြဖြစ်သော ကိုဖိုးဌေးကပြောသည်။

တခါတခါတွင် လမ်းပြကြီးကိုဖိုးဌေးပင် လမ်းပျောက်ပျောက်သွားတတ်သည်။ တချို့နေရာတွင် မြင့်မားသော ကျောက်တုံးများကို ထွင်းထုထားကာ လက်ကိုင်တက်၍ရအောင် လုပ်ထားသည်။ နွေရာသီမို့သာ ယခုကဲ့သို့သွားလာ ရခြင်းဖြစ်သည်။ မိုးတွင်းမိုးခါဆိုလျှင် သွားလာ၍မရတော့။

တောင်တွင်းချောင်ဒေသသို့ရောက်၍ ပျားဇနဖုဒ်ကျေးရွာသို့ သွားမည်ဟု ဒေသခံများသိလျှင် သင့်ကိုအထင်သေးပါလိမ့်မည်။ ထိုရွာသို့လိုက်ပို့ရန် တောင်းဆိုလျှင်လည်း သူတို့က တွန့်ဆုတ်နေပါ လိမ့်မည်။

မင်းကင်းမြို့ပေါ်နေသူများပင်မဆိုထားနှင့် ပျားဇနဖုဒ်ကျေးရွာနှင့် တစ်အုပ်စုထဲကျရောက်သော တောင်တွင်းချောင်ဒေသရှိ ၀င်ဝရွာသူရွာသားများပင် ရောက်ဖူးသူက ခပ်ရှားရှား။

လူတော်တော်များများက ပျားဇနဖုဒ်ဟုတွဲခေါ်ကြသည်။ ပျားဇနဖုဒ်ကို တစ်ရွာတည်းထင်ကြသည်။ အမှန်မှာ ပျားနှင့် ဇနဖုဒ်မှာ တစ်ရွာစီဖြစ်သည်။ တစ်ရွာနှင့်တစ်ရွာ ၇ ခုမိုင်ကွာဝေးသည်။ ၇ မိုင်သာဝေးသော်လည်း ပျားနှင့် ဇနဖုဒ်ခရီးသည် နေ့ဝက်ခန့်အထိသွားလာရသည်။

တောင်တွင်းချောင်ဒေသ ဆိတ်သာကျေးရွာသူ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဒေါ်တင်မေသည်ပင် သက်တမ်းတစ်လျှောက် ဇနဖုဒ်ရွာကို တစ်ခါသာ ရောက်ဖူးသည်ဟုဆိုသည်။

”တောင်အတက်ကိုလောလို့၊ အစ်မလေးသေရပါလိမ့်မယ်။ မရောက်ဖူးလို့သာလိုက်သွားတာ။ နောက်တော့ မသွားရဲတော့ဘူး”ဒေါ်တင်မေက ရယ်မောရင်းဆက်ပြောသည်။

ဇနဖုဒ်ကျေးရွာသည် ၀င်ဝကျေးရွာအုပ်စုတွင်ပါဝင်ပြီး အိမ်ခြေ ၄၀ ရှိကာ လူဦးရေ ၁၇၁ ဦးရှိသည်။ ဇနဖုဒ်ကျေးရွာသည် တောင်တန်းနှစ်ခုကြားတွင်တည်ရှိပြီး ချောင်းဘေးနားတွင် နေထိုင်ကြသည်။ ပျားကျေးရွာက တောင်ပေါ်တွင်တည်ရှိပြီး အိမ်ခြေ ၇၀ ကျော်ရှိသည်။ လူအရောက်အပေါက်နည်းပါးပြီး ထိုတောင်တန်းတွေကြားမှ အပြင်သို့ထွက်လိုလျှင်တောင် ရွာသူရွာသားများအတွက် မလွယ်ကူလှပေ။

ဇနဖုဒ်ကျေးရွာသည် လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး စပါး၊ နှမ်း၊ မြေပဲတို့ကိုစိုက်ပျိုးကြသည်။ ထိုသီးနှံများကိုတစ်ရွာလုံးစိုက်ပျိုးခြင်း မဟုတ်၊ လယ်ယာရှိသော ရွာ၏သုံးပုံတစ်ပုံခန့်သာ စိုက်ပျိုးကြခြင်းဖြစ်သည်။

”တစ်ဧက ၄၀ ထွက်တယ်၊ အကောင်းဆုံးမှ ၅၀ ၊ မြေကလည်း ညံ့တာကို၊ မြေကကျောက်ကျစ်မြေတွေ”ဟု ဇနဖုဒ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ကပြောသည်။

နယ်မြေချောင်ကျခြင်း၊ လမ်းခရီးခက်ခဲကြမ်းတမ်းခြင်းတို့က ရွာ၏ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကို အစစအရာရာနောက်ကောက်ကျစေသည်။
ကျန်းမာရေအတွက် တစ်ခုခုဖြစ်လျှင်ဆေးကုစရာဆေးခန်းမရှိ သို့သော် ကျန်းမာရေးဆိုးဆိုးရွားရွားဖြစ်တာမျိုးတော့မရှိကြောင်း ရွာခံများကဆိုသည်။

”ကျန်းမာရေးမကောင်းရင် တောဆေးမြစ်နဲ့ကုရတာ။ ဆီးချိုဖြစ်ရင် ရေဇီးဖြူရွက်ကြိုသောက်လိုက်တာပဲ”ဟု အုပ်ချုပ်ရေးမှူး ဦးမင်းအေးကပြောသည်။

ဝေးလံခေါင်းဖျားသောနေရာဖြစ်နေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းက ထိုရွာလေးကို ဖွံ့ဖြိုးမှုထောင်ချောက်တွင် ပိတ်လှောင်ထားသလိုဖြစ်နေသည်။

ဇနဖုဒ်ရွာသူရွာသားများသည် ကျောင်းနေ၍ စာမသင်ခဲ့ရသောကြောင့် စာမတတ်သူကများသည်။ ကကြီး၊ ခခွေးပင်မသိပေ။ ဘွဲ့ရသူရှိဖို့ပင်မဆိုထားနှင့် ၂၀၁၂ ခုနှစ်ကမှ မူလတန်းကျောင်းခွဲလေးဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆယ်တန်းအောင်နှစ်ယောက်တော့ရှိသည်။

ရွာ၏အဓိကစီးပွားရေးက မယ်မယ်ရရပြောဖို့ခက်သည်။ သီးနှံများကို ရောင်းချရာတွင် အိတ်ကိုကျောပိုးအိတ်ပုံသဏ္ဍာန် ကြိုးဖြင့်ချည်နှောင်ပြီး ကျောတွင်ပိုးကာ ချောင်းရေကိုဖြတ်လိုက် ကျောက်ဆောင်ကျောက်သားများကို ခုန်ကျော်လိုက်ဖြင့် ခက်ခဲစွာသွားရသည်။ မိန်းမသားများဆိုလျှင် ခေါင်းဖြင့်ရွက်ကာ သယ်ဆောင်ကြရသည်။

ဇနဖုဒ်ရွာသည် လယ်လုပ်ငန်းအပြင် ရွာနဘေးချောင်းမှ ငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းလည်း တနိုင်တပိုင်လုပ်ကိုင်ကြသည်။ မိသားစုစားလောက်ရုံလောက်တော့ ငါးဖမ်းခြင်းက အထောက်အကူနည်းနည်းပြုသည်။ ထိုချောင်းရေကိုပဲ ရေချိုးဖို့အတွက်သုံးသည်။ ကျွဲများကိုလည်း ချောင်းရေထဲတွင် ရေချိုးစေသည်။ အိမ်သာရေအတွက်သုံးသည်။ ချက်ရေပြုတ်ရေအတွက်သုံးသည်။ သောက်သုံးရေအတွက် အသုံးပြုရာတွင် ချောင်းတွင်းမှ လက်ယက်တွင်းကလေးတူးကာ သောက်သုံးရသည်။

မွေးမြူရေးလုပ်ငန်းလည်းလုပ်ကိုင်ကြပြီး ၀က်မွေးခြင်း၊ မြင်းမွေးခြင်းနှင့် ကျွဲမွေးမြူခြင်းများလုပ်ကိုင်သည်။ မြင်းများကို လူစီးရန်အတွက်မဟုတ်ဘဲ လူအင်အားနှင့် မသယ်ဆောင်နိုင်သော ကုန်ပစ္စည်းများ၊ ဒေသထွက် ကောက်ပဲသီးနှံများကို သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသည်။ ကျွဲများကို ထွန်ယက်ရန်သုံးသည်။

ဇနဖုဒ်ကျေးရွာသည် အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်စရာမရှိ။ အကျိုးအမြတ်ရရှိသည်ဖြစ်စေ၊ မရရှိနိုင်သည်ဖြစ်စေ ရှိရင်စွဲလုပ်ငန်းများကိုဖတ်တွယ်ရင်း ရပ်တည်ရှင်သန်နေကြရသည်။

ခက်ခဲကြမ်းတမ်းသော ဒုက္ခများ၊ စိန်ခေါ်မှုများက ကျေးရွာလေးကို ထိုးနှက်လျက်ရှိသည်။ ထိုခက်ခဲသော ဒုက္ခများ၊ စိန်ခေါ်မှုများက စစ်ပွဲများမဟုတ်၊ သဘာဝဘေးများမဟုတ်။ နယ်မြေမ တည်ငြိမ်မှုများ လည်းမဟုတ်။ နေ့တဓူဝ လူမှုဘ၀ရှင်သန်ရေးပင်ဖြစ်သည်။

မြေပဲရောင်းချလျှင် တစ်တင်း ကျပ်နှစ်သောင်းရပြီး ဇနဖုဒ်ရွာမှ တောင်တွင်းချောင်ဒေသအထိ ကူလီငှားခ လူတစ်ဦး ခြောက်ထောင်ကျပ်ပေးရသည်။ မိုးတွင်းဆိုလျှင် ချောင်းတွင်းလမ်းမှသွားလာ၍မရတော့ပေ။ ချောင်းရေကြီးလျှင် အဆိုပါလမ်းထက်ခက်ခဲသော တောင်ပေါ်လမ်းမှ သွားရောက် ရသည်။ လူအားနှင့်မရသော ကုန်ပစ္စည်များကို မြင်းများ အသုံးပြုကာ တောင်ပေါ်လမ်းမှသယ်ဆောက်ရသည်။

ရွာတစ်ရွာ၏ အထွတ်အမြတ်ဖြစ်သော ဘုန်းကြီးကျောင်းပင်လျှင် ယခုမှစတင်အခြေတည်ခါစပင်။ ဦးဇင်းမရှိ၊ ကျောင်းသားမရှိ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပင်ရှိသည်။ ဘုန်းကြီးကျောင်းက ကြမ်းခင်းပင် ကောင်းကောင်းမခင်းရသေး။

အသက်၇၃ နှစ်ရှိပြီဖြစ်သော ဦးတင်အေးက ဇနဖုဒ်ရွာလေး အခြေတည်လာပုံကို ပြောပြသည်။ ထိုကျေးရွာလေးသည် ယခင်အဘိုးအဘွားတွေလက်ထက် ရာဇ၀တ်မှုများကျူးလွန်းရာမှ လွတ်ရာကျွတ်ရာသို့ တောပုန်းခိုရင်းရောက်ရှိလာခြင်းဖြစ်သည်။ အခက်ခဲကြုံလျှင်ပြေးသွားလိုက်၊ တော်ကြာပြန်ဝင်လာလိုက်နှင့် ဒီလိုဖြင့် ကျေးရွာလေက တစတစအခြေတည် လာခြင်းဖြစ်ဟုဆိုသည်။

”ရာဇ၀တ်ဘေးပြေးနိုင်လွတ်တယ်ဆိုတဲ့ မင်းရဲ့ဒဏ်ကြောင့် ပုန်းလာတာကနေ ရွာတည်သွားတာ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သတ်တဲ့ခေတ်က တိမ်းရှောင်လာတာ။ ဒီရွာတင်မကပါဘူး”ဟု ဦးတင်အေးကပြောသည်။

”အဓိကက လူ့အခွင့်အရေးဆုံးရှုံးနေတာ ဒီလမ်းမကောင်းလို့ပါ။ ဖြစ်ချင်တာမဖြစ်ရ၊ သွားချင်တာမသွားရ၊ စားချင်တာမစားရ”ဟု ဦးခင်မောင်ရွှေကပြောသည်။

မိုးတွင်းမိုးခါတွင် ကလေးများနေမကောင်း၍ ရုတ်တရက်သွား ရောက်ရန်ခက်ခဲသောကြောင့် သေဆုံးသွားရတာ မျိုးလည်းရှိသည်။ ထိုသို့ လမ်းခရီးကြမ်းတမ်းခြင်း၊ ဆေးကုသမှု မခံယူရခြင်းနှင့် နယ်မြေချောင်ကျခြင်းများကြောင့် သေဆုံးရသည့်အဖြစ် အပျက်များက အမြဲလိုလိုရင်ဆိုင်နေရသည်။

”ကျန်းမာရေးကြတော့ အတွေ့အကြုံကမရှိတော့ ဘယ်လိုဖြစ်လို့သေတယ်ဆိုတာကို အတိအကျမပြောနိုင်ဘူး”ဟု ဦးခင်မောင်ရွှေက ဆိုသည်။

”လေးတန်းအောင်ပြီးရင် တောင်တွင်းချောင်ကအသိအကျွမ်းတွေဆီထားရပါတယ်။ တချို့အသိအကျွမ်းမရှိတော့ လေးတန်းအောင်ပြီးကျောင်းနှုတ်ထားရတဲ့ အဆင့်တွေ အများကြီးရှိပါတယ်”ဦးခင်မောင်ထွေးကပြောသည်။

ဇနဖုဒ်ကျေးရွာသည် ချောင်းနှစ်ခုကြားတွင် ရှိသည်မှာမှန်သော်လည်း မိုးခါရောက်လျှင် တောင်ကျရေများချောင်းထဲစီးဝင်ကာ ရေများနောက်ကျိနေသည်။

”လက်ယက်တွင်းမှာ ရေကြည်အောင်စောင့်ပြီး ခပ်သောက်ရတယ်”ဟု ဦးခင်မောင်ရွှေကပြောသည်။

ဇနဖုဒ်ရွာသူရွာသားများသည် ကိုယ့်မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များမဆိုထားနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို သိလည်းမသိ၊ ကြားလည်းမကြား ဘူးပေ။

ဇနဖုဒ်ကျေးရွာ တစ်ရွာလုံးဆိုင်ကယ်လည်းမရှိ၊ စက်ဘီး လည်းမရှိ၊ ကလေးငယ်များဆိုလျှင် စက်ဘီးဆိုင်ကယ် မမြင်ဘူးပေ။ဇနဖုဒ်ကျေးရွာတစ်ရွာလုံး တီဗီတစ်လုံးရှိသည်။ ထိုတီဗီတစ်လုံကို ညရောက်လျှင် တရုန်းရုန်း တအုန်းအုန်းနှင့် ကြည့်ရှုကြသည်။ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်အိမ်တွင် ရေဒီယိုတစ်လုံးရှိသည်။ ကြိုးဖုန်း သုံးလုံးရှိသည်။ ဟန်းဆက်ဖုန်းမရှိ။ အသုံးပြု၍လည်းမရပေ။

မည်သို့ပင်ဆိုစေ ခက်ခဲကြမ်းတမ်းသော အတိဒုက္ခများနှင့် ဝေးလံခေါင်သီလှသော ဇနဖုဒ်ကျေးရွာလေးသည် ဆောင်းအကုန်နွေအကူး၏ မတ်လ နံနက်ခင်းအောက်တွင် အေးချမ်းတည်ငြိမ်လျက်ရှိသည်။ နွေရာသီသို့ ချည်းနှင်းဝင်ရောက်ပြီဖြစ်သော်လည်း တောင်တန်းများနှင့် ဇနဖုဒ်ကျေးရွာလေးကို နှင်းမှုန်များဖြင့်ဖုံးလွှမ်းနေသည်။

”အခုချိန်က ဘာလုပ်ငန်းမှမရှိတော့ ဘာလုပ်ကိုင်စားရမယ်ကို မသိဘူး”ဟု ဦးခင်မောင်ရွှေကညည်းတွားရင်း အဝေးကို ငေးကြည့်နေသည်။

ဇနဖုဒ်ရွာမှ ကိုယ်ဝန်ဆောင်မိခင် မသေးစိန်သည် မြေပဲများကို တောင်တွင်းချောင်သို့သွားရောက်၍ဆီသွားကြိတ်ရန် ထုတ်ပိုးပြင်ဆင်နေသည်။ မပေါ့မပါးနှင့်ဖြစ်သော်လည်း မတတ်နိုင်။ ဒီလမ်းဒီခရီးကမသွားလျှင်လည်း လိုရာခရီးသို့ရောက်လိမ့်မည်မဟုတ်ပေ။

ဇနဖုဒ်ရွာလေးသည် သွားရေးလာရေးမှာ အခက်အခဲရှိနေသည်။ စားဝတ်နေရေး အတွက်ရုန်းကန်ကြရသည်။ အသက်ရှင်သန် ရေးကလည်းစိန်ခေါ် ခံနေရသည်။

စစ်ကိုင်းတိုင်းအတွင်း ဇနဖုဒ်နီးတူ ရွာမည်မျှ ခက်ခဲနေမည်နည်း။

A.M
Crd-ထက်ဖြိုး ၊ သူရိယထက်
မုံရွာဂေဇက်

Leave a Reply

Your email address will not be published. Required fields are marked *