ပညာရေးဆိုတာ အတွင်းကျကျ သိလေ လေးစားစရာတစ်ကွက်မှ မရှိလေပဲ…လို့ဆိုလိုက်တဲ့ ဆရာတစ်ယောက်ရဲ့ရင်ဖွင့်သံ

ဘာက အရေးအကြီးဆုံး လဲ ပြောကြပါ လူကြီးမင်းတို့
===============================
ပညာရေးဆိုတာ အတွင်းကျကျ သိလေ လေးစားစရာတစ်ကွက်မှ မရှိလေပဲ…။
အခြေခံကို ကြည့်လိုက် များလိုက်တဲ့ အလုပ်တွေ…
အလကား အရေးမပါတာတွေ ရေပေါ်ဆီလူး…
မရောင်ဆနွင်းလိမ်းတဲ့ လုပ်ရပ်တွေ…
အဘက်ဘက်က အမျိုးမျိုး နှိပ်စက်ပြီး ယဉ်ယဉ်လေးနဲ့ သတ်နေတာကိုခံနေရတာ အခြေခံက
ကလေးတွေနဲ့ ဆရာ/မတွေပဲ…။

အထူးသဖြင့် ကျောင်းအုပ်တွေ အလုပ်အရှုပ်ဆုံးလှည့်ကွက်…
တစ်ခါလာ စီမံချက်တွေ ရေးခိုင်းလိုက်
ဘာစီမံချက် ညာစီမံချက်…
ဘာအစီရင်ခံစာ…ညာ အစီရင်ခံစာ…
တောင်းလိုက်တာ အံ့ပါရော…
အုပ်စုခေါင်းဆောင်တွေကို တစ်ပတ်မှာ ၃ ရက်လောက်ရုံးကိုခေါ်တယ်…
ကျန်တဲ့ နှစ်ရက် က အုပ်စုမှာ အစည်းဝေးပြန်ခေါ်တယ်…
အင်း အုပ်စုခေါင်းဆောင်တွေဟာ ဘာစာမှ သင်ချိန်မရတဲ့ ကျောင်းအုပ်အမည်ခံ အလုပ်သမားများပါ…။

မိဘဆရာ အသင်း ဖွဲ့စည်းရေးအစီရင်ခံစာ ရေးပါ
ဓာတ်ပုံနှင့်တကွ…
ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ အစီရင်ခံစာ ရေးပါ
ဓာတ်ပုံနှင့်တကွ…
ကျောင်းကောင်စီဖွဲ့စည်းရေး အစည်ရင်ခံစာ ရေးပါ
ဓာတ်ပုံနှင့်တကွ…
ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေ ဆိုင်ရာ အစီရင်ခံစာရေးပါ
အများကြီး အများကြီး ဓာတ်ပုံ တစ်ပုံ ကို တစ်ရာ့ငါးဆယ်မို့သာပေါ့…တစ်ပုံ ငါးရာသာဆိုရင်လေ
တိုင်းပြည်ဝင်ငွေ အကြီးမားဆုံး ဖြုန်းတီးသူဟာ
ကျောင်းအုပ်တွေပဲ…
ဒါနဲ့ မေးပါဦးမယ်လေ ကျွန်တော်တို့ မြို့နယ်တစ်ခုမှာတောင် ကျောင်းပေါင်းက နှစ်ရာကျော်တယ်…
တစ်ခါတင်ရင် အစီရင်ခံစာ နှစ်ရာ နဲ့ ဓာတ်ပုံ နှစ်ရာ ဘာတွေလုပ်လို့ ဘယ်နေရာသွားထားကြပါသလဲ…
ဘယ်လူကြီးမင်းထံကိုများ တင်ကြရပါသလဲ…
အဲ့ဒီအစီရင်ခံစာတွေနဲ့ စီမံချက်တွေကို တောင်းတဲ့လူတွေကိုယ်တိုင်လည်း သေချာဖတ်ပါသလား…


အလကားပါ on paper တွေပါ…
နောက်ကျရင် အမှိုက်ပုံးထဲမှာ ပုံနေလိမ့်မယ်…
A4တွေနဲ့အစီရင်ခံစာရေးကြ…အာ့ဒါတွေကို ထုပ်ပိုး…
အလေးချိန်နဲ့သာ ရောင်းတဲ့အထဲပါသွားမှာပါ…
ရိုင်းရိုင်းပြောရ ရင် အိမ်သာထဲ မရောက်ရင်ကံကောင်း…။

စိတ်ကူးမိသေးတယ်
ကျောင်းဆရာအလုပ်ကထွက်ပြီး ပညာရေးမှူးနဲ့ နီးစပ်ရာနေရာတစ်ခုမှာ ကွန်ပျူတာ စာစီမိတ္တူဆိုင်ဖွင့်ရင်ကောင်းမလားလို့…
ဘာလို့လဲဆို ကျွန်ပျူတာ ဆိုင်တွေအတွက် စီပွားရေးအခွင့်အလမ်းကောင်းတယ်ဗျ…
ပြောချင်တာက ဘယ်ကျောင်းအုပ်မှ စာသင်ချိန်မရ…
ကျောင်းကိုလည်း လက်ထောက်နဲ့လွှဲထားရ…
စီမံမှုလည်း မလုပ်နိုင်…သင်ကြားရေးလည်း မကွပ်ကဲနိုင်…ကိုယ့်မှာရှိတဲ့ အရည်အချင်းအစစ်အမှန်ကို ပြသခွင့်မရ…
ကျောင်းအုပ်ဖြစ်ပြီး ကျောင်းမှာ မနေရဘုး…
ဇနီး သားသမီးရှိပြီး အတူမနေရဘူး…
လမ်းမပေါ် နဲ့ ပညာရေးမှူးရုံးမှာပဲ အချိန်ကုန်နေရတာ အခုအချိန်အထိပါပဲ…
တော်သေးတာပေါ့လေ…ပလပ်ဖောင်းပေါ် ခေါင်းအုံးပြီး မအိပ်ခဲ့ရလို့…
ကျောင်းအုပ်တွေများ တစ်ခါ ခေါ်ရင် လမ်းဘေးဝဲယာမှာ ကျောင်းဆရာ/မ တွေကြီးပဲ… ဘာလုပ်နေကြသလဲ မမေးနဲ့ အလုပ်လုပ်နေကြတာ…
မြန်မာနိုင်ငံက ဆရာ/မ တွေ ဒီလောက်အလုပ်လုပ်တာတောင်မှမြန်မာ့ပညာရေးမတိုးတက်တာဘယ်သူတွေ သောက်သုံးမကျလို့လဲ ပြောကြည့်…။

ကိုယ်ချင်းမစာတဲ့ လူကြီးမင်းတွေ အပျိုကြီး လူပျိုကြီးတွေ ဖြစ်ဖို့များတယ်…ဇီဇာကြောင်ပြီး ကုလားထိုင်ပေါ်မှာ ဇိမ်နဲ့ထိုင်ပြီးလက်ညိုးထိုးခိုင်းတာကို အတော်ဝါသနာပါပုံရတယ်…
နေပူကျဲတောက်နွေခေါင်ခေါင်မှာ လမ်းမပေါ်မှာ အလုပ်ရှုပ်နေတဲ့ နိုင်ငံဝန်ထမ်းကျောင်းဆရာ/မ လေးတွေကို တစ်ချက်ကလေးစောင်းငဲ့ကြည့်ပါဦးဗျို့…။

ပြီးတော့ လက်ထောက်ဆရာ/မ တွေ ဒုက္ခလှလှ
အင်း ပြောကြပါ ပြောကြပါ
စာမေးပွဲစနစ်ကို ခုနစ်ကြိမ်ကနေ လေးကြိမ်ထိလျှော့ချ
မအောင်မရှိစနစ်ကို အားပေး…
တော်သူကိုနှိမ့်ချ ညံ့သူကိုအားပေး တဲ့စနစ်ကို လမ်းဖောက်…
နေ့စဉ်မှတ်တမးအပြင် သင်ခန်းစာပြင်ဆင်ချက်
(Lesson Plan) လည်းရေးရဦးမယ်…
ရတယ်လေ အခုပညာရေးစနစ်က ဖတ်စာအုပ်ထဲက စာအုပ်လေးကို ဖတ်ရှင်းလေး လုပ် (ပါတာဖတ်ပေါ့လေ)…
လူကြီးမင်းတို့ စိတ်တိုင်းကျ ဘာသာစုံ(လေးတန်း)
Lesson Plan ကို နေ့တိုင်း ထိုင်ရေးနေတော့မယ်…
သြော် ဒါနဲ့ ညလုံးပေါက် ထိုင်ပြီးအလုပ်လုပ်ရမယ်ဆိုတာ ဒါပဲနေမှာပါလေ ကောင်းလိုက်တဲ့ နိမိတ်စကား…
မြန်မာ့ပညာရေး တိုးတက်စေဦးမှာပါ…။

ကျောင်းဖွင့်ရင် ကျောင်းတက်လက်မှတ်ထိုးမယ်
က စာရင်းခေါ်မယ်…
နေ့စဉ်မှတ်တမ်းရေးမယ်…
Lesson Plan ရေးမယ်…
လေ့ကျင့်ခန်းစာအုပ်တွေ ဘာသာစုံ ထိုင်စစ်မယ်…
လက်မှတ်ထိုးမယ် ရက်စွဲတပ်မယ်…
ပြီးရင် ကျောင်းအုပ်ကို ထပ်မယ်…
ကျောင်းအုပ်လက်မှတ်ယူမယ် တံဆိပ်တုံးရိုက်ခိုင်းမယ်…
ကျောင်းဆင်းလက်မှတ်ထိုးမယ်…
အိမ်စာတွေ လက်ဆောင်ယူသွားမယ်…တော်ပါပေတယ်…
ပေးတဲ့ လစာနဲ့ ခိုင်းတဲ့ အလုပ်နဲ့တော့
တိုးတက်ဦးမယ် တိုင်းပြည်ပညာရေး…။

ဘာက အရေးအကြီးဆုံးလဲ လို့ သေချာစဉ်းစားမိပါရဲ့လား…
ပြောင်းလဲချင်တာ လွန်ပါရောလား
တို့ပညာရေးက လိုက်လေ ပြေးလေ…
ပြေးလေ ဝေးလေ ပဲ…
ပညာရေးဝေးသည်မရှိတဲ့…
အခုတော့ လိုက်မမီတော့ပါဘူးလေ…
ကျောင်းအုပ်လည်း အလုပ်ရှုပ်
လက်ထောက်တွေလည်း မနားရ
ကလေးတွေလည်း ပျက်စီး…
ကဲ ဘယ်လိုစခန်းသွားကြမလဲ မြန်မာ့ပညာရေးကြီးရေ…။

လေးစားလျက်
ဦးဇွဲပြည့်လျှံ
ပခုက္ကူပညာရေးကောလိပ်

Leave a Reply

Your email address will not be published. Required fields are marked *